MNP - ဇူလိုင် ၁၇
Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များ Database သို့ သတ်မှတ်ချိန်အတွင်း အချိန်မီထည့်သွင်းပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် ပန်းခင်းစီမံချက်နှင့် နိုင်-၄ စာရင်းများ ရေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ပထမဆုံး ပြီးစီးခဲ့သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ ရိုက်သွင်းခြင်းနှင့် ပြန်လည်စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်မှသာလွပ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအတွက် စနစ်ကျပြီး တိကျသော မဲစာရင်းများ ထွက်ရှိလာနိုင်မှာဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များ Software Program အတွင်း ထည့်သွင်းခြင်း လုပ်ငန်းလမ်းညွှန် သင်တန်းများ တက်ရောက်ပြီးဖြစ်၍ ထပ်ဆင့် ဆင့်ပွားသင်တန်းများ အချိန်မီပေးနိုင်ရေး စီစဉ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်အတွင်းရှိ မြို့နယ်အလိုက် ကွန်ပျူတာနှင့် လူအင်အားများ သေချာစုဖွဲ့ထားရန်၊ စက်ပစ္စည်းအရံနှင့် လူအရံ အင်အားလည်း ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး မိမိတို့အစိုးရအဖွဲ့မှလည်း လိုအပ် သည်များ ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များ Software Program အတွင်း ထည့်သွင်းနိုင်ရေး မြို့နယ်အလိုက် ကွန်ပျူတာနှင့် လူအင်အား စုဖွဲ့ထားရှိမှု အခြေအနေကို လည်းကောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးမောင်ကြည်က အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ ထည့်သွင်းခြင်းလုပ်ငန်းအတွက် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ဌာနဆိုင်ရာနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေကို လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဆင့်ပွားသင်တန်း သင်ကြားမည့် အခြေအနေနှင့် သီးခြားလိုအပ်ချက်များ တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း၌ ခရိုင်(၆)ခု၊ မြို့နယ်(၂၈)မြို့နယ်ရှိပြီး အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ များ Software Program အတွင်း (၁၁၀၆၃၆၈)ခု ထည့်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သက်ဖြိုးကြိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment