(၁၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ဟိုပန်၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ဟိုပန်၌ကျင်းပ



MNP - ဩဂုတ်  ၇


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ရပ်ကွက်/ကျေးရွာများမှ စေတနာရှင် ပြည်သူများ ပူးပေါင်းပါဝင်သော (၁၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ

ပူဇော်ခြင်းနှင့်ဆွမ်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆား ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ မန်ကောင်းရပ်ကွက်၊ မြို့မသာသနာ့ရောင်ခြည်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ (၃၁)ဘုံစေတီကုန်း သာသနာပြု ကျောင်းတိုက်ဦးစီးပဓာနနာယက၊ မြို့နယ်သံဃနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီဟဗလအရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်

သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူသည်။ ထို့နောက် အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယကွပ်ကဲရေးမှူးဗိုလ်မှူးကြီး အောင်ခိုင်မိုးနှင့် တပ်မတော်အရာရှိများ၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဆွမ်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆားတို့ကို ဆရာတော်၊ သံဃာတော်များထံသို့ လည်းကောင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေမိုးအေးနှင့် အဖွဲ့ဝင်များက သီလရှင် ဆရာကြီးများထံ ဝါဆိုသီလရှင်ဝတ်စုံနှင့် နဝကမ္မ အလှူတော်ငွေများကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။


ယင်းနောက် နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္တဝါစကပဏ္ဍိတ မြသိန်းတန်သာသနာပြု ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသောဘိတက အနုမောဒနာတရား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။


(၁၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဟိုပန်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း (၃၂)ကျောင်း၊ ပန်လုံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၆)ကျောင်း၊ သီလရှင်စာသင်တိုက်(၁)ကျောင်း၊ စုစုပေါင်း(၃၉)ကျောင်းရှိ ရဟန်း(၆၁)ပါး၊ သာမဏေ (၄၃၇)ပါး၊ သီလရှင် (၇၄)ပါးတို့ကို  ဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံနှင့် ဆွမ်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆား စုစုပေါင်းတန်ဖိုးငွေကျပ် (၁၂၅၈၀၀၀၀/)ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)