မြန်မာ - ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပမည်




MNP ၊ ဖေဖော်ဝါရီ ၁၄

(၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ၁၆-၂-၂၀၂၃ ရက်နေ့တွင် နေပြည်တော်ရှိ MICC-2 တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


နိုင်ငံတော်ပိုင်သတင်းစာများ၏ အဆိုအရ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်နိုင်မှု (၇၅)နှစ်တာကာလအတွင်း အပြန်အလှန်ချစ်ကြည်ရင်းနှီးပေါင်းသင်းဆက်ဆံမှုများနှင့် နှစ်နိုင်ငံလက်တွဲပူးပေါင်း ဆောင်ရွက်မှုများအား မှတ်တမ်းရေးထိုးမော်ကွန်းတင်နိုင်ခဲ့ပေသည်။ သံတမန်ဆက်ဆံမှု (၇၅)နှစ်တာကာလအတွင်း နှစ်နိုင်ငံအစိုးရအကြား၊ တပ်မတော်နှစ်ရပ်အကြား၊ နှစ်နိုင်ငံပြည်သူများအကြား မိတ်ကောင်းဆွေကောင်းပီသစွာဖြင့် ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ခဲ့သည်။ စစ်ဘက်ဆက်ဆံရေး၊ အရပ်ဘက်ဆက်ဆံရေးနှင့် နိုင်ငံဖွံ့ဖြိုးရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၌ မြှင့်တင်ဆောင်ရွက်နိုင်မှုများမှာ အားတက်စရာဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုကျော်မှစတင်၍ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မာလာရာမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ရုရှား-မြန်မာဆက်ဆံရေးသမိုင်းမျက်နှာစာတွင် မှတ်တိုင်သစ်တစ်ခုစိုက်ထူနိုင်မှုသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး အရှိန်အဟုန်ကို ပိုမိုမြင့်မားအားကောင်းလာစေသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့တက်ရောက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် ရင်းနှီးခင်မင်စွာ ထိတွေ့ဆက်ဆံဆွေးနွေးနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သည့် စီးပွားရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာရလဒ်များပေါ်ထွက်လာအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးတွင် အောင်မြင်မှုသမိုင်းမှတ်တမ်းဖြစ်လာခဲ့သည်။


ရုရှား-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်ကာလတွင် ရုရှား-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံမှု ရှိရင်းစွဲတိုးတက်ဖြစ်ထွန်းမှုများတွင် အမြင့်မားဆုံးမှတ်တိုင်အဖြစ် စိုက်ထူနိုင်ခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအပေါ်တွင် မိတ်ကောင်းဆွေကောင်းလက္ခဏာကောင်းများဖြင့် စိတ်ကောင်းစေတနာကောင်းထားကာ ခင်မင်ရင်းနှီးစွာ ဆက်ဆံပူးပေါင်းဆောင်ရွက်နိုင်မှုများသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ကောင်းမွန်တိုးတက်သောဖွံ့ဖြိုးမှုအပေါင်းကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း ကြေးမုံသတင်းစာ အယ်ဒီတာ့အာဘော်တွင် ရေးသားဖော်ပြထားသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)