ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှုအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှုအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်





MNP ၊ မတ်  ၁၀

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် သန့်ရှင်း၍ စိမ်းလန်းစို​ပြေသာယာလှပပြီး အများပြည်သူများ စိတ်​အေးချမ်း​မြေ့မှုများရရှိ​စေ​ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၏ ရှုခင်းပသာဒဖြစ်သော၊ အများပြည်သူများစည်ကားစွာ လည်ပတ်ဖူးမြှော်လျက်ရှိသော သံလွင်မြစ်ကမ်းနဖူးပေါ်ရှိ ဘုရားစေတီပုထိုးပေါင်းများစွာတည်ရှိရာ ကျိုက်သလ္လံတောင်ပေါ်တန်း View Point တွင်  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာရပ်များတွင် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းစေမှုများသည် တစ်ခုအပါအဝင်ဖြစ်ပြီး လူဦးရေထူထပ် များပြားလာသည်နှင့်အမျှ အများပြည်သူလည်ပတ်ရာနေရာများတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်စနစ်တကျခွဲခြားစွန့်ပစ်မှု အသိပညာများအားနည်းခြင်းတို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာရပ်များ ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါစိန်ခေါ်မှုများနှင့်အတူ ရေထုညစ်ညမ်းခြင်း၊ မြေထုညစ်ညမ်းခြင်း၊ လေထုညစ်ညမ်းခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်စေခြင်း၊ ကျန်းမာရေးထိခိုက်စေခြင်းများကိုပါရင်ဆိုင်ပြီး ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေပဲ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲနိုင်ရေး လမ်းညွှန်ထားကြောင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသည် ပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီးပွားရေးများအပါအဝင် အလွန်ကျယ်ပြန့်သော စိန်ခေါ်မှုအမျိုးမျိုးဖြစ်သည့် ပြည်သူလူထုကျန်းမာရေး၊ ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာဖူလုံမှု၊ အရင်းအမြစ်များ ထိရောက်စွာသုံးစွဲမှု၊ ရေရှည်တည်တံ့သည့်မြို့ကြီးများ၊ ရေရှည်တည်တံ့သည့်ထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံများအစရှိသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိသည့် အကြောင်းအရာများနှင့် ဆက်စပ်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ပြီး လက်တွေ့လိုက်နာ ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။


ထို့နောက် စွန့်ပစ်အမှိုက်များအား စနစ်တကျစွန့်ပစ်ရေး အမှိုက်ကောက်တေး သရုပ်ဖော်တင်ဆက် ကပြနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှု၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသခံပြည်သူများအနေဖြင့် အမှိုက်များအား စည်းကမ်းမဲ့စွန့်ပစ်ခြင်း မပြုလုပ်နိုင်စေရန်နှင့်စနစ်တကျ စွန့်ပစ်နိုင်ရန်ရည်ရွယ်၍  ကျိုက်သလ္လံတောင်ပေါ်တန်း View Point အနီးတစ်ဝိုက်ရှိ စွန့်ပစ်အမှိုက်များ၊ ပလက်စတ်အိပ်များကို စံပြကောက်ယူဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


စည်သူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)