ကျောက်ဖြူ၌ ဒေသထွက်ဝါးပင်များကိုအသုံးပြု၍ သပ်ရပ်လှပသော လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေး " ဝါးလက်မှုအခမဲ့သင်တန်း" ဖွင့်လှစ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူ၌ ဒေသထွက်ဝါးပင်များကိုအသုံးပြု၍ သပ်ရပ်လှပသော လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေး " ဝါးလက်မှုအခမဲ့သင်တန်း" ဖွင့်လှစ်ပြသ







MNP ၊ မတ်  ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဒေသထွက် သဘဝအလျောက်ပေါက်ရောက်လျက်ရှိသည့် ဝါးပင်များ ကို အသုံးပြုကာ အရည်အသွေးကောင်းမွန်ပြီး သပ်ရပ်လှပသော လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန် ရည်ရွယ်၍  "ဝါးလက်မှုအခမဲ့သင်တန်း"ကို ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ စံပြ(၁) လမ်း၌ ဖွင့်လှစ်ပြသသည်။ 


အဆိုပါသင်တန်းကို Nay Pyi Taw UNEC MM ကုမ္ပဏီလီမိတက်နှင့် Earth Vocational Training Center တို့ပူးပေါင်း၍ အခမဲ့ဖွင့်လှစ်ပြသခြင်းဖြစ်ပြီး ဒေသထွက် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိ သည့် ကြိမ်နှင့်ဝါးပင်များကို အသုံးပြု၍ အရည်အသွေးကောင်းမွန်ပြီး သပ်ရပ်လှပသော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်၊ ဝါးများကိုအသုံးပြု၍ စျေးကွက်ဝင်သည့် ထုတ်ကုန်လက်မှုထည်များတီထွင်ကာ မိသားစု ဝင်ငွေတိုးပွားစေရန်၊ နိုင်ငံတော်မှအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းစဉ်များအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပြသ ခြင်းဖြစ်ကြောင်း၊ Black Teak Group ကျွန်းနက်လုပ်ငန်း UNEC MM Education Company MD၊ Earth Vocational Training Center တာဝန်ခံ ကိုနိုင်ထက်လင်းထံမှ သိရသည်။



သင်တန်းတက်ရောက်ခြင်းနှင့်ပတ်သက်၍ သင်တန်းသူတစ်ဦးဖြစ်သည့် ကျောက်ဖြူပညာရေးဒီဂရီ ကောလိပ်မှ ဆရာမ ဒေါ်ချမ်းငြိမ်းသူက “ဒီမှာ ဝါးလက်မှုသင်တန်းဖွင့်တယ်ဆိုတော့ သမီးကလည်း တီထွင် ဆန်းသစ်မှုအပိုင်းကို စိတ်ဝင်စားတဲ့သူတစ်ဦးဆိုတော့ ဒီသင်တန်းကို တက်ဖြစ်သွားတာပါရှင့်၊ အခုလက်ရှိမှာ သမီးက ဝါးနဲ့ ဘော(လ်)ပင်ခွက်ပြုလုပ်တာတွေ၊ ပြီးတော့ ဓာတ်ပုံဘောင်ပြုလုပ်တာတွေကို သင်နေပါတယ် ရှင့်၊ လုပ်ရတာအဆင်ပြေပါတယ်ရှင့်၊ စိတ်ဝင်စားတဲ့သူတွေအတွက်တော့ အရမ်းကြီးအခက်အခဲမရှိဘူး၊ ပြီးတော့ ဆရာတွေက စနစ်တကျသင်ပြပေးတော့ အဆင်ပြေပါရှင့်" ဟု ပြောသည်။ 


ဆက်လက်ပြီး သင်တန်းသူတစ်ဦးဖြစ်သည့် ကျောက်ဖြူမြို့နယ်၊ ငွေတွင်းတူးကျေးရွာမှ တိုင်းရင်း သားဘာသာသင်ဆရာမ ဒေါ်သန်းသန်းဌေးက “သမီးက တိုင်းရင်းသားဘာသာသင် TA ဆရာမတစ်ယောက် ပါ၊ ဒီသင်တန်းကို တက်ရောက်ပြီးတော့ သင်တန်းကရရှိလာတဲ့ ဝါးလက်မှုပညာတွေနဲ့ ကျောင်းသားတွေကို ပြန်ပြီးတော့သင်ပြပေးလို့ရပါတယ်၊ ကျောင်းမှာဆိုရင်လည်း သင်ထောက်ကူပစ္စည်းအချို့တွေကို ဝါးနဲ့ပြုလုပ် လို့ရမှာ ဖြစ်ပါတယ်၊ သမီးတို့နယ်ဘက်မှာဆိုတော့ ဝါးကပေါပြီး အသုံးချဖို့မတတ်ဘူးလေ၊ အခုလိုသင်တန်း တက်လိုက်ခြင်းကြောင့် ရှိနေတဲ့ကုန်ကြမ်းတွေကို တီထွင်ဆန်းသစ်တဲ့ ကုန်ချောထုတ်လုပ်ပြီး ရောင်းချလို့ လည်းရတယ်၊ အိမ်မှာအလှထားလို့လည်းရပါတယ်ရှင့်၊ ရောင်းချမယ်ဆိုရင်လည်း တစ်ဘက်တစ်လမ်းက မိသားစုဝင်ငွေတိုးလာမှာဖြစ်ပါတယ်ရှင့်” ဟုပြောသည်။



အဆိုပါ ဝါးလက်မှုပညာသင်တန်းတွင် ဝါးဖြတ်တောက်ခြင်း၊ ဝါးနှီးဖြာခြင်း၊ ဝါးဖြင့် ဘောပင်ခွက် ပြုလုပ်ခြင်း၊ ဝါးမီးအိမ်ပြုလုပ်ခြင်း၊ ဓာတ်ပုံဘောင်ပြုလုပ်ခြင်း၊ ဝါး Tissue Box များပြုလုပ်ခြင်း၊ ပစ္စည်းများ QC စစ်ဆေးခြင်း၊ ပစ္စည်းများဆေးသုတ်ခြင်းစသည့်ဘာသာရပ်များကို သင်တန်းနည်းပြဆရာ၊ ဆရာမ ၄ ဦးက သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျောက်ဖြူမြို့နယ်အတွင်းမှ လူငယ်များ၊ တက္ကသိုလ်ဆရာ၊ဆရာမများ၊ အခြေခံ ပညာကျောင်းများမှ ဆရာ၊ဆရာမများ စသည့် သင်တန်းသား၊သင်တန်းသူ(၂၅)ဦးတို့ တက်ရောက်သင်ယူ လျက်ရှိကာ သင်တန်းကာလမှာ မတ်လ (၁၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ (၂)ရက်ကြာ ပို့ချပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment