သံအမတ်လား၊ အကြမ်းဖက်လှုံ့ဆော်သူလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံအမတ်လား၊ အကြမ်းဖက်လှုံ့ဆော်သူလား



ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးအဖြစ် တင်စားပြောဆိုလေ့ ရှိကြတဲ့ အမေရိကန်နိုင်ငံအနေနဲ့ ပြည်ပနိုင်ငံများရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွပ်ဖက်ပြီး သြဇာခံအစိုးရများ ထားရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ထို့အတူပဲ သူတို့ရဲ့ လမ်းညွှန်ကြိုးကိုင်မှုနောက်ကို လိုက်ပါဆောင်ရွက်ပေးတဲ့ NLD ပါတီအတွက် တစ်ဖက်သတ် ရပ်တည်ဆောင်ရွက်ပြီး သြဇာခံအစိုးရတစ်ရပ်ကို မွေးမြူခဲ့တာ ဖြစ်ပါတယ်။


၂၀၂၀ ရွေးကောက်ပွဲကြီးမှာ မဲလိမ်မဲခိုးမှုတွေကြောင့် NLD ပါတီ အာဏာလက်မဲ့ဖြစ်သွားချိန်မှာ NLD ပါတီနဲ့ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်း က ပုဂ္ဂိုလ်တချို့ကို CRPH, NUG အစရှိတဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့ရာမှာလည်း အမေရိကန်က ကျောထောက်နောက်ခံ ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ အထူးအားဖြင့် CRPH, NUG အနေနဲ့ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ရာမှာ အဓိက ကျတဲ့ အကြမ်းဖက်လှုံ့ဆော်သူတွေ ဖမ်းဆီးထိန်းသိမ်းခြင်း မခံရစေဖို့ အမေရိကန်နိုင်ငံကို စောစီးစွာ ရောက်ရှိ ခိုလှုံနိုင်အောင် စီစဉ်ပေးခဲ့တဲ့ ဆောင်ရွက်ချက်တွေက CRPH, NUG အကြမ်းဖက်အဖွဲ့ဟာ အမေရိကန်ရဲ့ သြဇာခံ အကြမ်းဖက်အဖွဲ့တွေ ဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းဆန်လို့ မရတဲ့ အခြေအနေဖြစ်ပါတယ်။


အမေရိကန်သံရုံးက CRPH, NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချခြင်း မရှိတဲ့အပြင် ထောက်ခံအားပေးတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့တာဟာလည်း အမေရိကန်ဟာ ဒီမိုကရေစီအရည်ခြုံ CRPH, NUG အကြမ်းဖက်အဖွဲ့ရဲ့ ကျောထောက်နောက်ခံ အင်အားကြီးနိုင်ငံ တစ်နိုင်ငံဆိုတာ ငြင်းဆန်လို့ မရတဲ့ အချက်ဖြစ်ပါတယ်။


ယခုအခါမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ အကြီးအကဲအဖြစ် ဆူဆန်စတီဗင်ဆင် ဆိုသူကို ခန့်အပ်လိုက်ပြီး ရောက်ရှိလာတယ်ဆိုရင်ပဲ အကြမ်းဖက်အားပေး ထုတ်ဖော်ပြောဆိုမှုတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ အကြီးအကဲဖြစ်လာသူက ဆူဆန်စတီဗင်ဆင် က မိတ်ဆက်စကား ပြောကြားထားရာမှာ "မြန်မာ့သမိုင်းရဲ့အခုလို အရေးပါတဲ့ကာလမှာ အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြုပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ဆိုးရွားတဲ့အကြမ်းဖက်မှုတွေ ရပ်တန့်ရေးတွေကို လိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံသွားရမှာမို့ ဂုဏ်ယူမိပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနဲ့ သင်တို့ရဲ့ လွတ်လပ်မှုတွေ ကြုံလှီချည့်နဲ့သွားတဲ့အကြောင်းကို သိရတော့ ကမ္ဘာတစ်ဝန်းက လူတွေလိုပါပဲ ကျွန်မလည်း တုန်လှုပ်ချောက်ချားမိပါတယ်။ သံရုံးအဖွဲ့သားတွေနဲ့ ကျွန်မကိုယ်တိုင်လည်း သင်တို့ ကြံ့ကြံ့ခံရင်ဆိုင်နေကြရတဲ့ ပြင်းထန်ဆိုးရွားတဲ့ အခက်အခဲတွေကို အလေးအနက် နားလည်သိရှိကြပါတယ်။ မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးပြီး မတရားဖမ်းဆီးခံထားရသူတွေအားလုံး ပြန်လည်လွတ်မြောက်မယ့် အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ခုကို အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာထောက်ခံအားပေးတယ်ဆိုတာကို သင်တို့ကို သိစေချင်ပါတယ်။ ဒီသံန္နိဋ္ဌာန်က စကားလုံးသက်သက်ဆိုတာထက် ပိုပါတယ်။" ဆိုတဲ့ ပေါက်ကရ ပေါက်ပန်းစေ ပြောဆိုပြီး မြန်မာပြည်ကို နှုတ်ခွန်းဆက်သလိုက်တာပဲ ဖြစ်ပါတယ်။


သူမရဲ့ ပြောဆိုချက်ထဲမှာ "စစ်အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့အတွက် နိုင်ငံတကာက ကြိုးပမ်းအားထုတ်နေမှုတွေမှာ အမေရိကန်ပြည်ထောင်စုဟာ ရှေ့ဆုံးက ပါဝင်နေပါတယ်။  မြန်မာနိုင်ငံတော်ပိုင် အကြီးမားဆုံးဘဏ္ဍာရေးအဖွဲ့အစည်းနှစ်ခုအပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ကျော်ကိုလည်း မိမိတို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီးပါပြီ။ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ ခုလို အရေးယူမှုတွေဟာ အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးရာရောက်သလို ငွေကြေးဈေးကွက်တွေနဲ့ ချိတ်ဆက်ဖို့ ပိုပြီး ခက်ခဲစေပါတယ်။ တစ်ဖက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခကို အဖြေရှာနေကြသူတွေအားလုံးအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်မှုအတွက် အားထုတ်မှုတွေကိုလည်း အားပေးထောက်ခံနေပါတယ်။" ဆိုတဲ့ NUG အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးပြီး ပြောဆိုသွားတဲ့ လုပ်ရပ်ကတော့ မျက်နှာပြောင်တိုက်ပြီး စိန်ခေါ်နေတဲ့ သဘောမျိုး ဖြစ်ပါတယ်။


ဆူဆန်စတီဗင်ဆင် ဆိုသူ အမျိုးသမီးက "အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လိုအပ်တဲ့သူတွေဆီ ပေးအပ်နိုင်ဖို့၊ အထူးသဖြင့်တော့ အာဏာရှင်အဖွဲ့အစည်းရဲ့ လက်မခံနိုင်လောက်တဲ့ အကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေအတွက် အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ မြန်မာပြည်သူတွေကို ကျွန်မသိစေချင်တာက သင်တို့ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ သူရသတ္တိကို ကျွန်မတို့ အသိအမှတ် ပြုပါတယ်။ လွတ်လပ်မှုအတွက် သင်တို့ရဲ့ တောင်းဆိုမှုကိုလည်း ကြားသိရပါတယ်။ အခြေခံကျတဲ့အခွင့်အရေးတွေနဲ့ စစ်မှန်တဲ့ဒီမိုကရေစီ အနာဂါတ်ကိုလိုလားတောင့်တနေကြတဲ့ သင်တို့ ကို အားပေးထောက်ခံရင်း အမေရိကန်သံရုံးက သင်တို့ဘက်က ဆက်လက်ရှိနေပါမယ်။" လို့ ပြောဆိုထားတာကို တွေ့ရပါတယ်။


သူမကိုယ်တိုင် က ဒီမိုကရေစီ ဆိုတာကို ပါးစပ်ဖျားက မချပြောနေပေမယ့် သူမရည်ညွှန်းပြောဆိုနေတဲ့ NUG နဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ အကြမ်းဖက်ဝါဒီတွေဟာ ဒီမိုကရေစီစံနှုန်းတွေကို ချိုးဖောက်၊ လူ့အခွင့်အရေးကို အလွန်အကြူးချိုးဖောက်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၆၀၉၀ ကျော် ကို လူမဆန်စွာ သတ်ဖြတ်ခဲ့တာတွေကို မျက်ကွယ်ပြုပြီး ပြောဆိုနေခြင်းဟာ အရှက်သိက္ခာကင်းမဲ့လွန်းရာ ရောက်ပြီး မြန်မာပြည်သူတွေကြားမှာ အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပေါ်လာစေဖို့ မီးလောင်ရာ လေပင့်ပေးမယ့် လူ့မိစ္ဆာအမျိုးသမီးတစ်ယောက် ဖြစ်ကြောင်း ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။


သူမရဲ့ ပြောဆိုမှုတွေဟာ သံတမန်ကျင့်ဝတ်ကို ချိုးဖောက်ပြီး အကြမ်းဖက်လှုံ့ဆော်သူတစ်ဦးသဖွယ် နှုတ်ခွန်းဆက်သလာတာကို မြင်တွေ့လိုက်ရခြင်းဟာ အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ ယုတ်လျော့စေပါတယ်။ ဒီမိုကရေစီအရည်ခြုံ အကြမ်းဖက်ဝါဒီတစ်ဦးအဖြစ် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ ယခု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲအဖြစ် ရောက်ရှိလာတဲ့ ဆူဆန်စတီဗင်ဆင် ဆိုသူ အမျိုးသမီး ရဲ့ ရပ်တည်ဆောင်ရွက်ချက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာပြီး NUG အကြမ်းဖက်အဖွဲ့နဲ့ လက်ပါးစေ အကြမ်းဖက်သမားများအတွက် တစ်ဖက်သတ် ရပ်တည်ပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ ပိုမိုဖြစ်ပေါ်လာအောင် လုပ်ဆောင်လာခဲ့မယ်ဆိုရင်တော့ဖြင့် တိုင်းပြည်တွင်းကနေ ခွေးမောင်းသလို မောင်းထုတ်ပစ်ကြရမှာပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)