ချောင်းဦးမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ်


MNP ၊ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီအချိန်က ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (ချောင်းဦး)တို့ ပူးပေါင်းပြီး လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ပထမဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ချောင်းဦး)၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမျိုးကြည်မှ အဖွင့်မိတ်ဆက်စကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်လင်းက လူငယ်နှင့် အနာဂါတ်ခေါင်းစဥ်ဖြင့် ဟောပြောရာ အနာဂါတ်တွင် အားထားရမည့် လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ပညာတတ်သားကောင်းရတနာများ ဖြစ်လာစေရန်၊ အသိဥာဏ်ပညာ ဗဟုသုတ ပြည့်စုံသည့် လူတော်လူကောင်းဖြစ်လာစေရန် ကျိုးစားရမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။ မြို့နယ်အားကစားမှူး ဒေါ်မာလာခိုင်မှ လူငယ်တွေအနေနဲ့ အားကစားနည်းများထဲမှ ကြိုက်နှစ်သက်တဲ့ အားကစားကို အစဥ်ပြုလုပ်နေရမှာဖြစ်ကြောင်း၊ အားကစား ပြုလုပ်နေခြင်းအားဖြင့် လူငယ်များမှားတတ်သော မူးယစ်ဆေးဝါးကို ရှောင်နိုင်၍ ကျန်းမာရေးကောင်းသည့် ကြံ့ခိုင်သည့် လူငယ်များဖြစ်လာပြီး ပညာရှာဖွေဆည်းပူးနိုင်မှာ ဖြစ်ကြောင်း လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ဝေသည့် ကလေးအလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေး ဇေယျာရွှေမြေ လက်ကမ်းစာစောင်နှင့် အားကစား စာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။


ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ၊  မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ကျောင်းသား လူငယ်များမှ ကြည့်ရှု့လေ့လာကြရာ တာဝန်ရှိသူများမှ ရှင်းလင်းပြသခဲ့သည်။ ဟောပြောပွဲသို့ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ စုစုပေါင်း ၅၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း၊ လူငယ်များ လမ်းမှားမရောက်စေရေးနှင့် အသိဥာဏ်ပညာ ဗဟုသုတနှင့် ပြည့်စုံပြီး လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး လူငယ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးထိန်လင်းထံမှ သိရှိရပါသည်။


ဝင်းမြင့်အောင်

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)