ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ၊ မြန်မာအသင်းနှင့် လာအိုအသင်းတို့၏ ပွဲစဉ်မတိုင်မီ နှစ်ဖက်အသင်း နည်းပြနှင့် ကစားသမားများ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာလက်ရွေးစင်အသင်း နည်းပြ ဦးမျိုးလှိုင်ဝင်း က တိုက်စစ်ပိုင်းက ဂိုးရဖို့ ခက်ခဲနေတာကို ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဦးမျိုးလှိုင်ဝင်း က “ဖိလစ်ပိုင် အသင်းနဲ့ ပွဲပြီးကတည်းက ဒီပွဲအတွက် သေချာလေး ပြင်ဆင်ထားပါတယ်။ လက်ရှိမှာ ဒဏ်ရာရ ကစားသမားတွေလည်း မရှိပါဘူး။ တိုက်စစ်ပိုင်းက ဂိုးရဖို့ ခက်ခဲနေတာကိုလည်း ပြင်ဆင်ထားသလို ဝင်းနိုင်ထွန်း အသင်းနဲ့ လာရောက်ပူးပေါင်းတာက အသင်းအတွက် ခွန်အားတစ်ရပ်ဖြစ်စေပါတယ်။ လာအိုအသင်းက ခြေစွမ်းပိုင်းတိုးတက်လာတဲ့ အသင်းဖြစ်လို့ မနက်ဖြန်ပွဲက ခက်ခဲမှာပါ။ ပရိသတ်တွေအနေနဲ့ အင်ဒိုနီးရှားနဲ့က ပွဲလိုပဲ မနက်ဖြန်ပွဲမှာ လာရောက်အားပေး ကြည့်ရှုမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
လာအိုအသင်းနည်းပြကတော့ “ကျွန်တော် မြန်မာအသင်းမှာ လက်ထောက်နည်းပြ၊ ကြံ့ခိုင်ရေးနည်းပြ အဖြစ်နဲ့ တာဝန်ယူခဲ့ဖူးပါတယ်။ ၁၁ နှစ်ကြာအပြီးမှ မြန်မာနိုင်ငံကို လာအိုအသင်းနည်းပြချုပ်အနေနဲ့ ပြန်လည်ရင်ဆိုင်ရတာ စိတ်လှုပ်ရှားစရာကောင်းသလို ဒီမှာရှိတဲ့ MFF က တာဝန်ရှိသူတွေနဲ့ ပြန်တွေ့ရတာလည်း ဝမ်းသာစရာပါ။ ဒါပေမယ့် မနက်ဖြန်ပွဲကိုတော့ ရလဒ်ကောင်းရဖို့ စနစ်တကျ ပြင်ဆင်ထားပါတယ်။ မြန်မာအသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်လို့ ပရိသတ်တွေအကြိုက် ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ မနက်ဖြန်ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး ကြိးစားသွားမှာပါ။ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပေးတဲ့ ဥက္ကဋ္ဌဦးဇော်ဇော်ကိုရော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို ကျေးဇူးအများကြီး တင်ပါတယ်။ ကိုးရီးယားကို ပြန်သွားခဲ့ပေမယ့် မြန်မာနိုင်ငံကို အမြဲတမ်းသတိရနေဆဲပါ။ ဒီက သူငယ်ချင်း/ မိတ်ဆွေတွေနဲ့ မက်ဆင်ဂျာကနေလည်း အဆက်အသွယ်မပြတ် ရှိနေခဲ့ပါတယ်။ ဒီကို ပြန်ရောက်တဲ့အချိန်မှာ မြန်မာနိုင်ငံက အများကြီးပြောင်းလဲတိုးတက်နေတာ တွေ့ရပါတယ်။ ဒီထက်မက တိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ဟာဟေးဂျွန် က ပြောဆိုထားပါတယ်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment